| ပြည်တွင်းကုန်သွယ်မှုသတင်း (31 - 01 - 08) |
ဝယ်လက်ကိုမျှော် ဈေးစခေါ်တဲ့ သုံးခွနယ်က ပဲတီစိမ်း။ ယခုရက်ပိုင်းအတွင်း လယ်မြေကုန်းပိုင်းကျပြီး၊ စောစီးစွာစိုက်ပျိုးခဲ့ကြသည့်တောင်သူများမှ ဈေးနှုန်းစုံစမ်းရင်း ရောင်းချလာသော ပဲတီစိမ်းများ မြို့ပေါ်ဈေးကွက် ကုန်ဝယ်ဒိုင် များသို့ ရောက်ရှိလာပါသည်။ ဈေးကွက်စုံစမ်းသော အခြေအနေမျိုးကြောင့်လည်းကောင်း၊ ကုမ္ပဏီများ၏ ၀ယ်လက်များမဆင်းသေးသော ကြောင့်လည်းကောင်း၊ ပဲတီစိမ်း တစ်တင်းလျှင် ၂၀၅၀၀ ကျပ်၊ ၂၁၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ဝယ်နေကြောင်း သိရသည်။ ကုန်ဝယ်ဒိုင်အချို့မှ ယခုနှစ်ပဲဈေးကွက်နှင့်ပတ်သက်၍ ၀ယ်လိုအားကောင်းမည်ဟု ခန့်မှန်း ခဲ့သော်လည်း ယခုနှစ်ပဲဈေးအဖွင့်မှာ တောင်သူများမျှော်မှန်းထားသော ဈေးနှုန်းထက် တစ်တင်းလျှင် ၅၀၀၀ ကျပ်ခန့်နည်းနေကြောင်း တွေ့ရသည်။ ကုန်သည်အများစုမှ ဝေဖန် သုံးသပ်ရာတွင် ပဲများကို စားသုံးကုန်အဖြစ် မဖြစ်မနေ ၀ယ်ယူရမည့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်း ပဲဈေးကွက်ကို အာဏာပိုင်များက ချုပ်ကိုင်ထားခြင်း၊ အိန္ဒိယနိုင်ငံသို့ တင်ပို့မည့် ကုန်သည်များမှာလည်း ၀ယ်လိုအား၊ ရောင်းလိုအားအပေါ် အမြတ်ရရှိရေးအတွက် ဈေးကွက်ပွင့်ပွင့်လင်းလင်းဖွင့်ပေးမှုမရှိသေးခြင်း၊ တောင်သူများအနေဖြင့်လည်း သွင်းအားစု စရိတ်၊ စိုက်ပျိုးထုတ်လုပ်မှုစရိတ်များကို ပဲပေါ်လျှင်ရှင်းလင်းပေးချေရမည်ဖြစ်၍ အချိန်တန်လျှင်ပေါက်ဈေးဖြင့် မဖြစ်မနေရောင်းချမှာဖြစ်သောကြောင့် ပဲဝယ်ကုမ္ပဏီ ၀ယ်လက် များအေးနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ |