ကွမ်းစားဂမုန်းဘယ်လိုသုံး။
မြန်မာပြည်ဒေသများတွင် တွေ့နိုင်သော ကွမ်းစားဂမုန်းပင်ကို မွန်ပြည်နယ်၊ သထုံဒေသတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး၊ နိုင်ငံခြားဈေးကွက်သို့ ဘယ ဆေးကုန်ကြမ်းအတွက် အသုံး ပြုရန် အမယ်သစ်ပို့ကုန်အဖြစ် တင်ပို့သွားမည် ဖြစ်သည်။ ၎င်းင်းကွမ်းစားဂမုန်းမှာ ရုက္ခဗေဒအမည် Hedychium Spicatum ၊ အများသုံးအခေါ် Kapur Kachri ဖြစ်ပြီး၊ တိုင်းရင်း ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်သည်။ ဟိမ၀န္တာ တောင်တန်းနှင့် ဆက်နွယ်နေသည့် အပူပိုင်း ဒေသများ၌အများဆုံးပေါက်ရောက်ပြီး
၎င်းအပင်၏ သစ်ဥ၊ သစ်မြစ်ပိုင်းကို ဆေးဝါးဖော်စပ်ရာ၌လည်းကောင်း၊ အလှကုန်ပစ္စည်းများတွင် အနံ့ထည့်သွင်း ရာ၌လည်းကောင်း၊ ဟင်းခတ်အမွှေးအကြိုင်အဖြစ်လည်း ကောင်း၊ အသုံးပြုကြကြောင်း မှတ်တမ်းများအရ သိရှိရသည်။
အဆိုပါဂမုန်းကို မြန်မာပြည်တွင် ကွမ်းစားဂမုန်းအဖြစ်လူသိများပြီး၊ ဘယဆေးဖော်စပ်ရာ၌လည်းကောင်း၊ ကွမ်းယာ၌ထည့်စားခြင်းဖြင့်လည်းကောင်း သုံးစွဲလေ့ရှိကြသည်။ ၎င်းကိုမူးဝေအော့အန်ဖြစ်ခြင်း၊ ရင်ကြပ်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ ကျို့ထိုးခြင်း၊ ခံတွင်းအနံ့မကောင်းခြင်း၊ ပျို့အန်ခြင်း၊ အသားအရေ ရောင်ရမ်း နီရဲခြင်း စသည့်ရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်သော ဆေးဘက်ဝင်အပင်အဖြစ်အသုံးပြုသည်။ ယခုအခါ အပင်၏ အမြစ်ဆုံပိုင်းကို ပြုပြင်သန့်စင်ပြီး ချောင်းဆိုးပျောက်ဆေးဖော်စပ်ရန်အတွက် ဘယဆေး ကုန်ကြမ်းအဖြစ်တင်ပို့ရန် ဆောင်ရွက်လျက်ရှိသည်။ တစ်တန်လျင် အမေရိကန်ဒေါ်လာ ၇၈၀ ဖြင့် ပါကစ္စတန်သို့ တင်ပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(MIRT-YGN)
|