MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (2 - 1 - 08)

တွင်ကျယ်ဖြစ်ထွန်းလာမည့် ရခိုင်ပြည်နယ်ရေခဲစက်လုပ်ငန်း။

ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သည့်အားလျော်စွာ ရေလုပ်ငန်းဖံွ့ဖြိုး တိုးတက်နေသော ဒေသတစ်ခုဖြစ်ပါသည်။ ရခိုင်ဒေသမှထွက်ရှိသည့် ရေထွက်ပစ္စည်းများကို စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲမြို့များမှ တစ်ဆင့် နယ်စပ်ကုန်သွယ်ရေး ပုံမှန်ကုန်သွယ်ရေး နည်းလမ်းများနှင့်အညီ တရုတ်နိုင်ငံ၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် အခြားနိုင်ငံများသို့ တင်ပို့လျက်ရှိပါ သည်။ နိုင်ငံရပ်ခြားတိုင်းပြည်များနှင့် ဒေသတွင်းရှိစားသုံးလိုသောမြို့နယ်များသို့ တင်ပို့မည့် ရေထွက်ပစ္စည်းများကို တာရှည်အထားခံနိုင်စေရန်အတွက် မရှိမဖြစ်လိုအပ်သည့်ကြားခံပစ္စည်း ရေခဲကိုယခုအခါ တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်ပါသည်။
ရခိုင်ပြည်နယ်ရှိ ရေခဲစက်လုပ်ငန်းမှာ ၂ နှစ်တာကာလအတွင်း အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါ သည်။ ယခုအခါ ရခိုင်ပြည်နယ်တွင် ရေခဲစက်လုပ်ငန်းပေါင်း ၆၁ ခု ရှိလာပြီဖြစ်ပါသည်။ ယခင်က ဒီဇယ်အင်ဂျင်သုံး ရေခဲစက်များနေရာတွင် ယခုအခါ Gasifier Power Transmitting Engine (စပါးခွံလောင်စာသုံး အင်ဂျင်စက်)များကို အစားထိုးကာ သုံးစွဲလာနေကြပြီဖြစ်ပါသည်။
ရေလုပ်ငန်းကိုလုပ်ကိုင်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စစ်တွေမြို့ ကုန်တန်းရပ်ကွက်ရှိ ''ရတနာ''ရေခဲစက်မှ ထုတ်လုပ်သည့် ရေခဲများကိုကြိုတင်မှာယူစနစ်ဖြင့် ၀ယ်ယူလျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ ''ရတနာ'' ရေခဲစက်ပိုင်ရှင် ဦးစိုးဝင်းက လွန်ခဲ့ သော ၂ နှစ်ခန့်က ၎င်း၏ရေခဲစက်မှ တစ်နေ့လျှင် ၇ ဒဿမ ၅ တန်ခန့် သာထုတ် လုပ်နိုင်ခဲ့ ကြောင်း၊ ယခုအခါတစ်နေ့လျှင် ၁၅ တန်ခန့်ထွက်ရှိအောင် စက်ယူနစ်ပိုင်းဆိုင်ရာများကို နိုင်ငံခြားမှ အတွေ့အကြုံနှင့်ပေါင်းစပ်ကာ ပြုပြင်မွမ်းမံမှုလုပ်ခဲ့ရကြောင်း၊ ပုံမှန်ရေခဲဈေး ထက်အနည်းငယ်ဈေး လျော့ကာရောင်းချပေးခြင်းကြောင့် ၀ယ်လိုအားများ စဉ်ဆက်မပြတ် ရှိနေကြောင်းရှင်းပြခဲ့ပါသည်။ ရတနာ ရေခဲစက်တွင် တပ်ဆင်ထားသည့် အင်ဂျင်မှာ EF-750 အမျိုးအစားဖြစ်ပြီး မြင်းကောင်ရေ ၂၂၀ ရှိပါသည်။ ၎င်းစက်ရှိ Gasifierကိုပဲခူးမြို့မှ စက်မှု လုပ်ငန်းရှင်တစ်ဦးက ပြုလုပ်တပ်ဆင်ပေးခဲ့ကြောင်း၊ ပုံမှန်အချိန်တွင် ရေခဲတစ်တုံး (ပေါင်-၃၀၀) လျှင် ၂၅၀၀ ကျပ်ဈေးရှိကြောင်း၊ လပြည့်၊ လကွယ်ရက်များတွင် ဈေးပိုမိုရရှိကြောင်း၊ ၎င်းရက်များတွင် ငါးဖမ်းစက်လှေများ ပိုမိုငါးဖမ်းထွက်ကြခြင်းကြောင့် တစ်ခါတစ်ရံ ရေခဲ တစ်တုံးလျှင် ၁၀၀၀၀ ကျပ်ထိဖြစ်သွား တတ်ကြောင်း ရေခဲစက်ပိုင်ရှင်မှ ထပ်မံရှင်းပြခဲ့ပါသည်။
ယခုအခါ စစ်တွေမြို့ပေါ်တွင် Gasifier Power Transmitting Engine (စပါးခွံ လောင်စာသုံးအင်ဂျင်စက်)ကို အသုံးပြုတပ်ဆင်ထားသည့် ရေခဲစက် ၄ စက်ရှိလာ ခဲ့ပြီဖြစ်သည့်အတွက် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရေခဲစက်လုပ်ငန်းလည်း တွင်ကျယ်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခင်ဘော်