နေကြာမှ ပြည်သာစေမည်။
ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏အဓိကအားထားရသော ဆန်စပါးပိုလျှံသည့်တိုင်းဖြစ်သည်။ ထို့အပြင် စားသုံးဆီဖူလုံရေးအတွက် နိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်အရ ၂၀၀၈ ခုနှစ်အား ဧရာဝတီတိုင်းအတွင်း ဆီဖူလုံရေးစီမံချက်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ''ဘာဘဲစိုက်စိုက် နေကြာညှပ်စိုက်'' ဆောင်ပုဒ်ဖြင့် တောင်သူများ စိုက်သောသီးနှံများ တွင် နေကြာစိုက်ဧကလေးသိန်းကျော်စိုက်ရန် စီမံချက်ချမှတ်ခဲ့သည်။ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်သည်လည်း ဧကသုံးသောင်းစီမံချက်တွင်ပါဝင်ခဲ့သည်။
ကျုံပျော်မြို့နယ်တွင် မြို့နယ်စိုက်တိုးမြင့်အဖွဲ့မှ ကျေးရွာများထိကွင်းဆင်းပြီး နည်းပညာများရှင်းလင်း ပြောကြားခြင်း၊ နေကြာမျိုးစေ့များကို မြို့နယ်အေးချမ်းသာယာ ရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီ အစီအစဉ်ဖြင့် ကျေးရွာ အရောက်ပေးပို့ခြင်းများဆောင်ရွက်ခဲ့ရာ အင်းဂလားကျေးရွာမှ လယ် ၄ ဧကစိုက်တောင်သူတစ်ဦးမှ ၄င်း၏ လယ်ရိတ်သိမ်းပြီးချိန်တွင် စိုက်နေကြမတ်ပဲစိုက်ခဲ့ပြီးနောက် မြေအစိုဓါတ်မလွန်ခင် သက်တမ်း ၃ လရှိ ဆင်းရွှေကြာ (၃) ကို သီးညှပ်အဖြစ် တစ်ဧကစိုက်ပျိုးနိုင်ခဲ့ရာ နေကြာတင်း ၅၀ ခန့်ရရှိခဲ့သည်။ နေကြာတစ်တင်း ဆီ ၂ ပိဿာခွဲနှုန်းဖြင့် ဆီပိဿာ ၁၀၀ ခန့်ရနိုင်ကြောင်းသိရသည်။ အိမ်အတွက်ဖူလုံသည့်အပြင် ရောင်းချ၍၀င်ငွေလည်းရကြောင်း သိရသည့်အတွက် တောင်သူများ မိမိလယ်တွင် နေကြာသီးညှပ်စိုက်ပျိုးခြင်းဖြင့် မိမိပဲလည်းမဆုံးရှုံး၊ ဆီလည်းပိုလျှံ ရ၍ ၀င်ငွေအပိုတိုးနေကြကြောင်းတွေ့ရသည်။
စိုးဦး
|