MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (11 - 01 - 08)

ဝန်းသိုမြို့နယ်မှထွက်ရှိသည့် မိုင်းသုံပျားရည်များ။

မိုင်းသုံပျားရည်ဟု အမည်ကြားရသည်နှင့်ပင် သဘာဝတောတောင်များထူထပ်စွာပေါက်ရောက် ကာရံလျက်ရှိသော ၀န်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက် ၃ မြို့နယ်အကြား တွင်ရှိသည့် မိုင်းသုံတောင်တန်းများကို ပြေး၍မြင်ယောင်လာမည်ဖြစ်သည်။ မိုင်းသုံကျေးရွာကိုအစွဲပြု၍မိုင်းသုံတောင်တန်း များဟုခေါ်ဆိုကြခြင်းဖြစ် သည်။ မိုင်းသုံတောင်တန်း များရှိ သစ်တောများတွင် သဘာဝဆေးဘက်ဝင် သစ်ဥသစ်မြစ်များ ပေါများစွာရှိသည့် အထဲမှ ယနေ့အများပြည်သူ အသုံးများလျက်ရှိသော မိုင်းသုံပျားရည် ထွက်ရှိခြင်းဖြစ်သည်။

မိုင်းသုံတောင်ကြောမှာ ၀န်းသိုမြို့နယ်အတွင်း အများဆုံးပါဝင်သည့်အတွက် ၀န်းသိုမြို့နယ်မှထွက်ရှိသည့် ပျားရည်ကို မိုင်းသုံပျားရည်ဟုခေါ်ဆိုရခြင်းဖြစ်ပါသည်။ မိုင်းသုံ တောင်တန်း၊ တောင်ကြောများအတွင်းရှိ ပျားအုံများမှရရှိသော ပျားရည်မှာ တောတောင်များအတွင်းရှိ ပန်းပေါင်းစုံတို့မှ ပန်းဝတ်ရည်များကို ပျားများမှ စုတ်ယူ၍ ပျားလဘို့တွင်စုထားသဖြင့် ဆေးဘက်ဝင်ပန်းပေါင်းစုံတို့၏ အစွမ်းအာနိသင်ရှိခြင်းကြောင့် ရရှိသော ပျားရည်မှာ အလွန်ဆေးဘက်ဝင်သဖြင့် အသုံးများရခြင်းဖြစ်ပါသည်။

ကညင်ပင်၊ ညောင်ပိန္နဲပင်များတွင် ပျားများအမြောက်အများဆွဲသဖြင့် ပျားကောင်စည်ကားသောအပင် (ပျားစည်ပင်) များဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ ပျားစည်ပင်များတွင် တစ်နှစ်လျှင် အကြိမ် ၄၀ မှ အကြိမ် ၆၀ အထိ ဆွဲသည်ဟုသိရသည်။ ပျားအုံကြီးတစ်အုံလျှင် အချင်း ၂ ပေကျော်အထိရှိကြပါသည်။ ပျားအုံရှာသူများ အနေဖြင့် သစ္စာရှိရပါသည်။ ပျားအုံတွေ့သောအပင်ကို တွေ့ရှိသူမှ (V)  ပုံသဏ္ဍန်အမှတ်အသားကို ဒါးဖြင့်ခုတ်ထစ်မှတ်ထားသည်ကို အခြားသူမှတွေ့လျှင် မဖွတ်ရတော့ကြောင်း သိရှိရပါသည်။ သစ္စာပျက်ပြီးဖွတ်လျှင် ပျားများမှာလွန်စွာတုတ်သဖြင့် ပျားအုံကိုဖွတ်၍မရကြောင်း သိရပါသည်။ ပျားဖယောင်းရရှိရန်အတွက် ပျားရည်နှစ်ပြီးသော ပျားလဘို့ကိုစုပေါင်း၍ ပေါင်းကြမ်းခံကာ ပေါင်းအိုးနှင့်ပေါင်းပါက ပေါင်းခံအိုးအတွင်း၌ ပျားဖယောင်းအခဲများကျရောက်နေပြီး ပေါင်းအိုးအတွင်းမှဆယ်ယူရပါသည်။

ဝန်းသို၊ ပင်လယ်ဘူး၊ ဗန်းမောက် မြို့နယ်များတွင် အားဆေး၊ အသက်ရှည်ဆေးအဖြစ်မှီဝဲကြပါသည်။ ဇန်န၀ါရီလတွင်စတင်ပေါ်ပြီး ပေါ်စတွင် ၀န်းသိုမြို့၌ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်ဈေးဖြင့် ရောင်းချရပါသည်။ ပျားသလက်များကိုပေါင်းပြီး ၀န်းသိုဈေးတွင် ၁၀ ကျပ်သားလျှင် ၁၅၀ ကျပ်အထိရောင်းချကြပါသည်။ ပျားရည်ရာသီချိန်ဖြစ်သော ဖေဖေါ်ဝါရီတွင်ဝယ်ယူပြီး မန္တလေးမြို့သို့ တင်ပို့ရောင်းချကြပါသည်။ သဘာဝတောတောင်ကြီးများတွင် ပေါက်ရောက်လျက်ရှိသော ဆေးဘက်ဝင်ပျားရည်များကို ပေါင်းစုထားသည့် ပန်းပေါင်းဝတ်ရည်ဖြစ်ခြင်းကြောင့် ၀န်းသိုမြို့နယ်မှထွက်ရှိသော မိုင်းသုံပျားရည်မှာ လူကြိုက်များသောပျားရည်ဖြစ်ကြောင်းနှင့် တစ်နှစ်လျှင်ပိဿာချိန် ၃၀၀၀ ခန့်ထွက်ရှိကြောင်း လေ့လာတင်ပြလိုက်ရပါသည်။     

 

ကျော်စိန်ဌေး