MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (08 - 02 - 08)

ရွှေချဉ်ပေါင် မောင်မတုန်းစေချင်ပါ

ချဉ်ပေါင်ပင်ဆိုတာ မြန်မာနိုင်ငံနေရာအနှံအပြားမှာပေါက်ပြီး နေရာဒေသအသီးသီးမှာ သူ့နည်းသူ့ဟန်နဲ့ ချက်စား၊ ကြော်စားကြတာပါ။ ချဉ်ပေါင်ပင်ကအရွက်ကိုခူးပြီး စားကြ တယ်။ အပင်ရင့်လာတဲ့အခါ ချဉ်ပေါင်သီး သီးပါတယ်။ ချဉ်ပေါင်သီးကအခွံကိုခွာပြီး ချဉ်ပေါင်ခွံ ချက်စား၊ ထောင်းစား၊ အခြောက်လှမ်းစားကြပါတယ်။ ကျန်တဲ့သီးနှံ အတွင်းထဲကအစေ့ကိုတော့ အခြောက်လှမ်းပြီး နောက်နှစ်အတွက်မျိုးအဖြစ် ထားခဲ့တာများပါတယ်။ တစ်ခါတစ်လေမှာတော့ ချဉ်ပေါင်စေ့အရောင်းအ၀ယ်ဖြစ်တာ တွေ့ဘူးပါ တယ်။ ၄-၂-၂၀၀၈ နေ့က ပခုက္ကူ ကုန်စည်ဒိုင်မှာ ချဉ်ပေါင်စေ့ ၁၅ ပိဿာဝင်တစ်တင်းကို ၁၁၅၀၀ ကျပ်နဲ့ အရောင်းအ၀ယ်ဖြစ်တာကို တွေ့ရပါတယ်။ တစ်ဆက်တည်း စုံစမ်းကြည့်တော့ မြိုင်မြို့နယ်ဘက်မှာလည်း ချဉ်ပေါင်စေ့တစ်တင်းကို ၈၈၀၀ ကျပ်ကနေ ၉၀၀၀ ကျပ် ကျော်အထိ ပေးပြီးဝယ်ယူစုဆောင်းနေတာကို လေ့လာရပါတယ်။ ဒီလိုချဉ်ပေါင်စေ့ကိုဝယ်ပြီး ဘာတွေ အသုံးပြုတာလည်းဆိုတာ မေးကြည့်တော့ ချဉ်ပေါင်စေ့တွေကို ဆီကြိတ်ပါတယ်။ အထူးသဖြင့် မန္တလေးနှင့် မြင်းခြံဘက်မှ ၀ယ်ယူမှု အများဆုံးဖြစ်ကြောင်း သိရပါတယ်။အဲဒီဒေသတွေမှာ ချဉ်ပေါင်စေ့ကို ဆီကြိတ်ပြီး ထွက်လာတဲ့ဆီကို နှမ်းဆီထဲမှာရောရောင်းတယ်လို့ သိရပါတယ်။ ဆီစက်လုပ်ငန်းရှင်တစ်ဦး ကတော့ ကျွန်တော် တို့လည်း ချဉ်ပေါင်စေ့ကို ဆီကြိတ်ဖူးတယ်။ ပေါင်းပြီးကြိတ်တာမဟုတ်ဘဲ ဒီအတိုင်းအစိမ်းကြိတ်တာကတော့ ဆီထွက်နှုန်းဟာ တစ်ပိဿာခွဲနဲ့ နှစ်ပိဿာ ကြားမှာထွက်ပါတယ်။ ပေါင်းပြီးကြိတ်ရင် ဆီအထွက်ပိုမယ်ထင်ကြောင်းနဲ့ ဆီရဲ့အရောင်ကတော့ ချဉ်ပေါင်စေ့လတ်ဆတ်မှုကိုတည်ပြီးကွာပါတယ်။ ချဉ်ပေါင်စေ့ လတ်ဆတ်ရင် ဆီအရောင်ဟာ ပဲဆီအရောင်လို ၀င်းနေတာပဲလို့ပြောပြီး၊ ဆီရဲ့အရသာဟာ ချဉ်ပေါင်ရဲ့သတ္တိပြတာလေးက လွဲရင်ကောင်းပါတယ်လို့ပြောပါတယ်။ ဘေးအန္တရာယ်မရှိနိုင်ဘူးလားလို့မေးတော့ ကျွန်တော်တို့စားသုံးနေတဲ့ ပဲဆီ နှမ်းဆီ၊ မုံညင်းဆီဆိုတာတွေကလည်း လက်တွေ့စားသုံးနေတဲ့ အသီး၊ အစေ့၊ အဆံတွေကထုတ်တာပဲ၊ ချဉ်ပေါင်ဆီကလည်း နေ့စဉ်စားသုံးနေတဲ့ပစ္စည်းကထုတ်တယ်ဆိုတော့ အန္တရာယ်ရှိမယ်မထင်ဘူး။ တတ်ကျွမ်း နားလည်သူတွေက သုတေသနလုပ်နိုင်ရင်တော့ ကောင်းမယ်ထင်တယ်လို့ပြောပါတယ်။ နှမ်းတစ်တင်းလျှင် ကျပ် ၃၅၀၀၀ ကျော်၊ မြေပဲဆီဆံတစ်ပိဿာ ၂၀၀၀ ကျပ် ပတ်ဝန်းကျင်ဆိုတော့ ချဉ်ပေါင်စေ့တစ်တင်း ၁၀၀၀၀ ကျပ်ကျော်၊ ဒီဈေးနှုန်းတွေအရဆိုရင် တတ်ကျွမ်းနားလည်သူတွေနဲ့ သုတေသနပြုပြီး ဘေးဥပါန်အန္တရာယ်မရှိဘဲ ထုတ်လုပ်နိုင် ခဲ့မယ်ဆိုရင် စားသုံးဆီဖူလုံရေးမှာ အထောက်အကူဖြစ်မှာပါ။ ချဉ်ပေါင်ပင်ဆိုတာကလည်း နေရာဒေသမရွေး ပေါက်ပြီး ရှင်သန်ကြီး ထွားပေါများတဲ့အပင်ဆိုတော့ ပြည်တွင်းဆီစားသုံးမှု အတွက်ရော ဆီကြိတ်မဲ့အခြားသီးနှံ (မြေပဲ၊ နှမ်း) ပြည်ပတင်ပို့ပြီး ၀င်ငွေရှာနိုင်တာရော၊ ပြည်ပက၀ယ်ယူတင်သွင်းနေရတဲ့ စားအုန်းဆီအတွက် ဒေါ်လာယိုဖိတ်မှုတွေရော အဘက်ဘက်က အထောက် အကူပြုလာမှာဖြစ်လို့ ချဉ်ပေါင်စေ့ကထွက်တဲ့ ချဉ်ပေါင်ဆီကို စနစ်တကျလေ့လာပြီး စမ်းသပ်မှုပြုပါ။ တွင်တွင် ကျယ်ကျယ်ထုတ်လုပ်သင့်ကြောင်း ပါ။

မြင့်ဦး