အခါမဲ့မိုး သွေးတိုးစမ်းပေမဲ့ ပြုံးပန်းမပျက်တဲ့ ကြက်သွန်တောင်သူ။
ဇန်န၀ါရီ ၂၅ ရက်နေ့ကတည်းက အုံ့ဆိုင်းနေတဲ့ကောင်းကင်ဟာ ၂၆ ရက်နေ့ နေ့လည် ၂း၃၀ နာရီခန့်ကစပြီး မုံရွာနယ်တ၀ိုက်မှာ အခါမဲ့မိုးရွာသွန်းခဲ့ပါတယ်။ မုံရွာမြို့နယ်ရဲ့ ကြက်သွန်နီအဓိကစိုက်ခင်းများရှိရာ မြေနဲ၊ ကျွဲရဲနဲ့ အက်တောကျေးရွာများမှ ကြက်သွန်နီတောင်သူုများနဲ့ စိုက်ခင်းများကိုသွားရောက်လေ့လာမေးမြန်းခဲ့ရာ ယခုစိုက်ပျိုး အောင်မြင်လျက်ရှိတဲ့ ကြက်သွန်ခင်းများမှာ ပင်သက် ၅၀ ရက်သားခန့်ရှိပြီး ဥထွက်နေပြီ ဖြစ်ကြောင်း၊ အခါမဲ့မိုးရွာနိုင်ကြောင်း၊ မိုးလေ၀သသတင်းကြိုတင်ရရှိခဲ့သလို ကာကွယ် ဆေးများ ကြိုတင်ပက်ဖြန်းခဲ့ကြောင်း၊ ဒေသမျိုးများဖြစ်၍ ရာသီဥတုချို့ယွင်းမှုဒဏ်ကို ခံနိုင်ရည်ရှိပြီးဖြစ်သဖြင့် မစိုးရိမ်ရကြောင်း ပြောကြားခဲ့တာသိရပါတယ်။
၂၈.၁.၂၀၀၈ နေ့ ညနေ ၄ နာရီခန့်မှာ မိုးစဲပြီးနေပွင့်လာခဲ့ရာ တစိမ့်စိမ့်ရွာခဲ့တဲ့ မိုးစက်တွေ ကြက်သွန်ခင်း များမှာ ပြည့်လျှံနေလို့ တောင်သူအချို့ ရေစုပ်စက်ကိုယ်စီနဲ့ အချိန်မီ ရေစုပ်ထုတ်နေတာ တွေ့မြင်ခဲ့ရပါ တယ်။ ဒီအခါမဲ့မိုးကြောင့် တစ်နယ်မြေ (မြေမာ) တစ်ချို့သာ စိမ့်ဖန်း (ရေ၀ပ်) နိုင်လို့ အပင်ဖြစ်ထွန်းမှု နှေးကွေးနိုင်စေပေမဲ့ ကျွန်းမြေတွေပေါ် က ကြက်သွန်ခင်းအတွက် ပူပန်စရာမရှိကြောင်း၊ တောင်သူတွေကပြောပါတယ်။
မိုးတိတ်ပြီးနေပွင့်လာတဲ့ ၂၉ ရက်နေ့မှာတော့ ပိုပြီးစိတ်ချရအောင် မှိုဆေးနဲ့ အားဆေးတွေကို ဖျန်းကြသလို တစ်ချို့တောင်သူတွေကတော့ နွားချေးခြောက်၊ တမာရွက်ခြောက် တွေမီးရှို့ပြီး မှိုင်းတိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလိုအခါမဲ့မိုးရွာသွန်းခြင်းဟာ နှစ်စဉ်နီးပါးဖြစ်လေ့ဖြစ်ထရှိတဲ့အတွက် အတွေ့အကြုံအရ အချိန်မီကြိုတင် ကာကွယ်နိုင်သလို ကြက်သွန်နီစိုက်ခင်းတွေ လေလွင့်ပျက်စီးဆုံးရှုံးမှုမရှိအောင် အခြေအနေကိုထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့ကြတာမို့ အခါမဲ့မိုးရဲ့ သွေးတိုးစမ်းမှုဟာ ကြက်သွန်တောင်သူတွေ အတွက် အပြုံးမပျက်စေနိုင်ဘူးလို့ ရင်ဖွင့်စကားကြားသိရပါတယ်။
ထွန်းလှိုင်
|