ဂျုံသစ်ပေါ်ချိန် မုံရွာဂျုံဈေးကွက်တည်ငြိမ်ီ။
မုံရွာစက်မှုဇုန်ရှိ ဂျုံစက်များရဲ့အားထားရာ မုံရွာဒေသ၀န်းကျင်အတွင်း စိုက်ပျိုးခဲ့ကြတဲ့ ဂျုံခင်းတွေ ယခုအချိန်မှာ ရင့်မှည့်စပြုလို့ ရိတ်သိမ်းနေကြကြောင်း မြင်တွေ့ရပါတယ်။ မနှစ်က တစ်နှစ်တာကာလလုံး ဂျုံဈေးကွက် ကောင်းမွန်ခဲ့လို့ ဒီနှစ်မှာ ဂျုံစိုက်ဧက တိုးချဲ့ခဲ့ကြကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်းရဲ့ အဓိက ဂျုံစိုက်ပျိုးရာ စစ်ကိုင်းခရိုင်နှင့် မုံရွာခရိုင်တစ်ဝှမ်း ဂျုံခင်းတွေလွှမ်းမိုးနေခဲ့ရာ ယခုအခါ ရင့်မှည့်စပြုနေသဖြင့် ဈေးကွက်အမီ ရိတ်သိမ်းနေကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။
၂၀၀၈ ခုနှစ်ရဲ့ ဂျုံဈေးကွက်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း ဂျုံဖြူသန့်တစ်တင်းအနိမ့်ဆုံး ၁၆၃၀၀ ကျပ်မှ အမြင့်ဆုံး ၁၈၀၀၀ ကျပ်ထိ ဈေးမာနေခဲ့သလို ဂျုံအထွက်တိုး တစ်တင်းအနိမ့်ဆုံး ၁၃၅၀၀ ကျပ်မှ အမြင့်ဆုံး ၁၄၅၀၀ ကျပ်ထိ ဈေးမာနေကြောင်း တွေ့ရပါတယ်။ ဂျုံသစ်မပေါ်မီ ဖေဖေါ်ဝါရီလ၀က်ခန့်ထိ ဂျုံဖြူသန့်အဟောင်း တစ်တင်း ၁၈၂၀၀ ကျပ်မှာ ဈေးခိုင်ခဲ့သလို အထွက်တိုး (အဟောင်း) တစ်တင်း ၁၄၅၀၀ ကျပ်ထိ ဈေးမာနေ ခဲ့ကြောင်း တွေ့ရပါတယ်။ ဂျုံသစ်တွေဈေးကွက်ထဲစတင်ဝင်ရောက်လာတဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတော့ အဟောင်းတစ်တင်း ၁၆၀၀၀ ကျပ်ထိ ဈေးနိမ့်ခဲ့ပြီး၊ အသစ်တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ကြောင်း တွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ ဈေးအနည်းငယ် ဦးမော့လာကာ ဂျုံဟောင်းတစ်တင်း ၁၉၀၀၀ ကျပ်နှင့် အသစ်တစ်တင်း ၁၇၃၀၀ ကျပ်၊ ဂျုံအထွက်တိုးတစ်တင်း ၁၄၅၀၀ ကျပ် အသီးသီးနှင့် အရောင်းအ၀ယ်ပုံမှန်ဖြစ်ခဲ့ကြောင်း ကုန်သည်ရပ်ကွက်မှ ကြားသိရပါတယ်။
မနှစ်က ဂျုံထုတ်လုပ်မှုပမာဏနှင့် စက်ရုံတွေရဲ့သုံးစွဲမှုပမာဏ အချိုးညီနေတဲ့အတွက် ဂျုံဈေးကွက် တည်ငြိမ်ကောင်းမွန်နေခဲ့ကြောင်းနှင့် ယခုနှစ်အတွက်လည်း ဒေသတွင်း စက်ရုံတွေရဲ့ လိုအပ်ချက် မြင့်မားလာနိုင်မှု အရ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းအတွက် ဂျုံဈေးကွက် ဆက်လက်ခိုင်မာကောင်းမွန်နိုင်ကြောင်း လေ့လာ သုံးသပ်ရပါတယ်။
ထွန်းလှိုင်း |