MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (11 - 02 - 08)

၂၀၀၈ ဖေဖော်ဝါရီ ပထမပတ် ပဲမျိုးစုံစီးဆင်းမှုဆက်လက်ကောင်းမွန် ။

ပဲအများစု အသစ်ပေါ်တဲ့ ဒီကာလမှာ အထက်မြန်မာပြည်ရဲ့ ပဲမျိုးစုံတို့စုဝေးရာ မုံရွာကုန်စည်ဒိုင်နယ်မြေသို့ မုံရွာမြို့နယ်မှ ပဲမျိုးစုံတို့သာမက ကလေး၊ ရေဦး၊ တန်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ ကန္နီ၊ ယင်းမာပင် ပုလဲ၊ ဂန့်ဂေါ၊ ချောင်းဦးနဲ့ မြောင်တို့ဘက်မှ ပဲမျိုးစုံနဲ့ နှမ်းတို့ပါ အဆက်မပြတ်စီးဆင်းလျက်ရှိကြောင်း တွေ့ရပါတယ်။
မုံရွာဈေးကွက်ကို ဇန်န၀ါရီလထဲမှာ နယ်ကပဲမျိုးစုံ တင်း ၅၀၀၀၀ခန့် ၀င်ရာက်ခဲ့ရာ ပဲစင်းငုံ တင်း ၂၀၀၀၀ ကျော်၊ ပဲတီစိမ်း တင်း ၁၀၀၀၀ ကျော် အဓိကပါဝင်ခဲ့ပြီး ကျန်ပဲမျိုးစုံ တင်း ၂၀၀၀၀ ခန့် ၀င်ရောက်ခဲ့တာ တွေ့ရ ပါတယ်။
မုံရွာဈေးကွက်ကတစ်ဆင့် ဇန်န၀ါရီလထဲ ပဲမျိုးစုံစီးဆင်းမှုအနေနဲ့ ယခင်နှစ်ကာလတူကစီးဆင်းမှု အရေအတွက်ကို မမီပေမယ့် တင်း ၁.၈ သိန်းကျော် ရန်ကုန်၊ မန္တလေးနဲ့ ပခုက္ကူဈေးကွက်များသို့ သွက်လက် စီးဆင်းခဲ့တာ တွေ့ရပါတယ်။ အဓိက စီးဆင်းတဲ့ပဲကတော့ ပဲစင်းငုံတင်း ၈၆၀၀၀ ကျော်၊ ပဲတီစိမ်း တင်း ၃၄၀၀၀ ကျော်နဲ့ ကုလားပဲဖြူလုံးကြီး တင်း ၂၇၀၀၀ ကျော်၊ နှမ်းမျိုးစုံ ၁၁၃၆၁ တင်းတို့ဖြစ်ကြပါတယ်။
ဖေဖော်ဝါရီ ပထမပတ်မှာ မုံရွာဈေးကွက်ကို နယ်စုံက ပဲမျိုးစုံတင်း ၂၀၀၀၀ ကျော်ဝင်ရောက်ခဲ့ရာ ပဲစင်းငုံ တင်း ၁၃၀၀၀ခန့်နဲ့ ပဲတီစိမ်းတင်း ၆၄၀၀ ကျော်ပါဝင်ခဲ့တယ်လို့ သိရပါ တယ်။
ဒီအပတ်အတွင်း မုံရွာဈေးကွက်က ပဲမျိုးစုံဆက်လက်စီးဆင်းမှုအနေနဲ့ တင်း ၇၁၀၀၀ ကျော်ရှိခဲ့ပြီး၊ ပဲစင်းငုံတင်း ၄၅၇၅၀ နဲ့ ပဲတီစိမ်း ၁၂၀၉၂ တင်း အများဆုံး တင်ပို့ခဲ့ကြောင်း တွေ့ရပါတယ်။
ပြည်ပ၀ယ်လက်ဈေးကွက်ထဲ ၀င်မလာသေးပေမယ့် ပြည်တွင်းသုံးနဲ့ လှောင်လက်သမားတွေ ၀ယ်ယူ နေလို့ အရောင်းအ၀ယ်သွက်သလို ပဲမျိုးစုံစီးဆင်းမှုလည်း ဆက်လက် ကောင်းမွန်နေလျက်ရှိပါတယ်။

ထွန်းလှိုင်