မဟာမဲခေါင်ဒေသခွဲ နိုင်ငံများအတွင်း တစ်နေရာတည်းမှာ အကောက်ခွန် ရှင်းလင်းရေးဆိုင်ရာ ၀န်ဆောင်မှုကို ADB ကူညီ။
မဟာမဲခေါင်ဒေသခွဲ (GMS) နိုင်ငံများအတွင်း ကုန်စည်စီးဆင်းမှု ပိုမိုလွယ်ကူစေရေး ကြိုးပမ်းမှုတစ်ရပ်အဖြစ် တစ်နေရာတည်းမှာ အကောက်ခွန် ရှင်းလင်းရေးဆိုင်ရာ ၀န်ဆောင်မှုစနစ် (Single Customs Clearance Service) ကို စတင်ကျင့်သုံးနိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် ADB လာအိုနိုင်ငံကို အကူအညီပေးမှာ ဖြစ်ကြောင်း လာအိုသတင်းစာ Vientiane Times က ၂၂-၈-၀၈ နေ့ကထုတ်ပြန်ခဲ့ပါတယ်။
လာအိုနိုင်ငံမှာ ၀န်ဆောင်မှုလုပ်ငန်းများစတင်ဆောင်ရွက်ဖို့ ၀န်ထမ်းများကို သင်တန်းများပေးမယ့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ADB ကလာအိုနိုင်ငံတွင် လက်ခံကျင်းပခဲ့ပါ တယ်။ လာအိုနိုင်ငံက ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့နဲ့ ကုန်သွယ်ရာတွင် ၂၀၀၈ ခုနှစ် ကုန်ပိုင်းမှာ အဲဒီစနစ်ကို စတင်ပြီးကျင့်သုံးဖို့ သတ်မှတ်ထားပါတယ်။ အခြား GMS အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံများတွင်လည်း အလားတူအလုပ်ရုံ ဆွေးနွေးပွဲများကို ADB က ကျင်းပခဲ့ပြီးဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်ကို ရောက်တဲ့အခါ တစ်နေရာတည်းမှာ အကောက်ခွန် ရှင်းလင်းရေးဆိုင်ရာ ၀န်ဆောင်မှုကို GMS အဖွဲ့ဝင်နိုင်ငံများ အားလုံး အကောင်အထည်ဖေါ်ဖို့ ADB က ရည်မှန်းချက်ထားရှိပါတယ်။ ADBဘဏ်ဟာ အဖွဲ့ဝင်နိုင်ငံများကို ချေးငွေများထုတ်ချေးနေတဲ့ အဓိကအလှူရှင်ဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံ များအားလုံးမှ သယ်ယူပို့ဆောင်ရေးမှ အရာရှိများနဲ့ အကောက်ခွန်အရာရှိများပါဝင်တဲ့ အကောက်ခွန်စစ်ဆေးရေး စခန်းများ ထူထောင်မှုများ ဖွဲ့စည်းထူထောင်ရာမှာ အထောက်အကူပေးနေပါတယ်။
အဲဒါကြောင့် ဒေသတွင်းနိုင်ငံများရဲ့ခရီးစဉ်တစ်လျှောက် အထပ်ထပ်စစ်ဆေးမှုများကိုရှောင်ရှားရန် သက်ဆိုင်ရာ ပုဂ္ဂိုလ်များက အကောက်ခွန် ရှင်းလင်ရေးဆိုင်ရာ ဘီလ်များကို ပူးတွဲထုတ်ပြန်ခြင်းနဲ့ စစ်ဆေးခြင်း တို့ကို ဆောင်ရွက်သွားနိုင်တော့မှာဖြစ်တယ်လို့ သတင်းစာက ဖေါ်ပြခဲ့ပါတယ်။
Source: Chinaviews
သိန်းဇော်လင်း
|