ဆော်ဒီအာရေးဗီးယားက ထုတ်လုပ်မှုတိုးမြှင့်သော်လည်း ရေနံဈေးနှုန်းတက်။
နိုင်ဂျီးရီးယားနိုင်ငံတွင် ဖြန့်ဖြူးရေးအဟန့်အတားများတည်ရှိနေခြင်းနှင့် အစ္စရေးနှင့် အီရန်နိုင်ငံတို့ အချင်းချင်းတင်းမာမှုများကြီးထွားလာခြင်းတို့က ရေနံအထွက် တိုးထုတ်ပါ မည်ဟုလည်းကောင်း၊ ဈေးကွက် ထဲတွင်ကောင်းမွန်စွာဖြန့်ဖြူးပေးပါမည်ဟူသော ဆော်ဒီအာရေးဗီးယား၏ ကတိကိုလည်းကောင်း အရာမထင် ဖြစ်စေခဲ့ပြီး ဇွန်လ ၂၃ ရက်နေ့ က ရေနံဈေးနှုန်းများမြင့်တက်လာသည်။
အမေရိကန်ရေနံစိမ်းသည် ၁ ဒသမ ၃၈ ဒေါ်လာတက်၍ ၁၃၆ ဒသမ ၇ ဒေါ်လာသို့ရောက်ရှိခဲ့သည်။ လန်ဒန်ရှိ ဘရန့်ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၀ ဒသမ ၉၉ ဒေါ်လာတက်၍ ၁၃၆ ဒသမ ၂၄ ဒေါ်လာသို့ ရောက်ရှိစေခဲ့သည်။
လွန်ခဲ့သည့် ဇွန်လတတိယပတ်က စစ်သွေးကြွတို့၏ တိုက်ခိုက်မှုဖြစ်ပွားပြီး ရေနံတစ်နေ့ထုတ်လုပ်မှုမှာ စည်သုံးသိန်းလေးသောင်းကျဆင်းခဲ့သည်။ နျူကလီးယားအစီအစဉ် အဆုံးသတ်ရေးနှင့် ပတ်သက်၍ တောင်းဆိုချက်နှင့်အညီဆောင်ရွက်ရန် အီရန်နိုင်ငံကငြင်းဆိုနေသည့်အတွက် မိမိ၏အကြီးဆုံးဘဏ်ကြီးတွင်အပ်နှံထားသော ပိုင်ဆိုင်ပစ္စည်း များကို ထိန်းချုပ်ရေးအပါအ၀င် အီရန်နိုင်ငံအပေါ်ပိတ်ဆို့မှုအသစ်ပြုလုပ်ရန် ဥရောပသမဂ္ဂကအတည်ပြုခဲ့သည်။
ယခင်နှစ်ကလည်း အီရန်နိုင်ငံ၏ အဏုမြူအစီအစဉ်နှင့်ပတ်သက်၍ အီရန်နိုင်ငံနှင့် အနောက်နိုင်ငံတို့ အချင်းချင်းဖြစ်ပွားသော တင်းမာမှုများကြောင့် ရေနံဈေးနှုန်းများမြင့်တက် ခဲ့သည်။
ယခုလ လဆန်းပိုင်းက အစ္စရေးနိုင်ငံသည် စစ်ရေးလေ့ကျင့်မှုများကို အကြီးအကျယ် ပြုလုပ်ခဲ့ပြီး အီရန်၏ နျူကလီးယားလုပ်ငန်းများအပေါ်တွင် ဗုံးကြဲတိုက်ခိုက်မည့် အလား အလာများကို ပြသခဲ့ကြောင်း နယူးယောက် တိုင်းသတင်းစာတွင်ဖေါ်ပြထားသည်။
မိမိနိုင်ငံအပေါ် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ပြုလုပ်လာပါက 'ပြုတ်ပြုတ်ပြုန်း'သွားသည်အထိ ထိုနိုင်ငံအား လက်တုန့်ပြန်မည်ဖြစ်ကြောင်း လွန်ခဲ့သည့်သတင်းပတ်က အီရန်နိုင်ငံကကြေငြာခဲ့သည်။
အီရန်နိုင်ငံတွင် ပဋိပက္ခတစ်ခုခုဖြစ်ပွားပါက အီရန်နိုင်ငံနှင့် အာရေဗျကျွန်းဆွယ်ကို ပိုင်းခြားထားသော ဟော်မုရေလက်ကြားကို ပိတ်ဆို့လာမည်ကို စွမ်းအင်ပါရဂူတို့က စိုးရိမ်ကြ သည်။ ဟော်မုရေလက်ကြားမှာ ကမ္ဘာ့ ရေနံကူးသန်းရောင်းဝယ်မှုကို ဆောင်ရွက်နေသော သင်္ဘော ၄၀ ရာခိုင်နှုန်း ဖြတ်ကျော်ရာဒေသဖြစ်သည်။
ဂျက်ဒါအစည်းအဝေး၏ အကျိုးသက်ရောက်မှု
ယခင်သီတင်းပတ်က ရေနံတစ်စည်၏ ဈေးနှုန်းသည် ဒေါ်လာ ၁၄၀ အထိစံချိန်တင်ဈေးနှုန်းထိတက်ခဲ့ပြီး ရေနံသုံးစွဲသော နိုင်ငံများကို ခြိမ်းခြောက်မှုဖြစ်ပွားခဲ့သည်။ ဂျက်ဒါတွင် ပြုလုပ်သောစွမ်းအင်မှုဝါဒချမှတ်သူများ၏ အစည်းအဝေးက ရေနံဖြန့်ဖြူးရေးနှင့်ပတ်သက်သော စိုးရိမ်မှုများကို ဖြေဖျောက်နိုင်မည့် မျှော်လင့်ချက်ကို အနည်းငယ်သာ ပေးစွမ်းနိုင်ခဲ့သည်။
'အစည်းအဝေးကပေါ်ထွက်လာတဲ့ အဖြေက ယေဘူယျအားဖြင့် စိတ်ပျက်စရာဖြစ်နေတာကြောင့် ဒီနေ့ (ဇွန်၂၃ရက်) မနက်မှာ ဈေးပိုတက် အောင်တွန်းပေးသလိုဖြစ်နေပါတယ်' ဟု MF Global မှ Kilduff က ပြောကြားသည်။
ဇူလိုင်လတွင် တစ်ရက်လျှင် စည် ၉ ဒသမ ၇ သန်းတိုးမြှင့်ထုတ်လုပ်မည်ဖြစ်ကြောင်း၊ နှစ်ပေါင်း ၃၀ အတွင်းအမြင့်ဆုံးထုတ်လုပ်မှုဖြစ်ကြောင်းနှင့် ဈေးကွက်ဝယ်လို အားအရလိုအပ်ပါက ပို၍ပင်ထုတ်ပေးမည်ဖြစ် ကြောင်း ထိပ်တန်းရေနံတင်ပို့နိုင်ငံဖြစ်သည့် ဆော်ဒီအာရေးဗီးယားက ဇွန်လ ၂၂ ရက်နေ့ကပြောကြားခဲ့သည်။
အိုပက်အဖွဲ့၏ အခရာဖြစ်သော ဆော်ဒီအာရေးဗီးယားသည် တစ်နေ့လျှင် ရေနံစည် ၁၅ သန်းထုတ်လုပ်ရန် အသေးစိတ်စီမံချက်ရေးဆွဲပြီးဖြစ် သည်။
အနာဂတ်ရေနံထုတ်လုပ်မှုနှင့် ပတ်သက်၍ အခြားသောရေနံထုတ်လုပ်နိုင်ငံများကလက်တန်း အဆိုပြုချက်များဖေါ်ပြသွားပြီး ခိုင်ခိုင်မာမာအဆိုပြုနိုင်သောနိုင်ငံမှာ ဆော်ဒီ အာရေးဗီးယားတစ်နိုင်ငံတည်းသာ ရှိသဖြင့် အစည်းအဝေးမှာ စိတ်ပျက်စရာနည်းနည်းကောင်းကြောင်း ဥရောပ သံတမန်တစ်ဦးကပြောကြားသည်။
ထပ်မံဖြန့်ဖြူးရန်ဝယ်လိုအားမရှိဘဲ ရေနံထုတ်လုပ်သောနိုင်ငံများသည် ရေနံကိုပိုမထုတ်နိုင်ကြောင်း ထိုသို့သောဝယ်လိုအားမျိုးလည်း လောလောဆယ်တွင်မရှိသေးကြောင်း အိုပက်ဥက္ကဌ Chakib Khelil က ပြောကြားသည်။
Source: iht.com
အယ်ဒီတာအဖွဲ့ဝင်တစ်ဦး
|