MOC Home|Download Font|Contact

Trade News

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုသတင်း (15- 07 - 08)

ဖွံ့ဖြိုးမှုအကြောင်းရေးသားသူများ ၂၀၀၈ ADBI ဆုများအတွက် စာမူများပေးပို့နိုင်။

အာရှဖွံ့ဖြိုးရေးဘဏ် တက္ကသိုလ် (Asian Development Bank Institute-ADBI) က ဖွံ့ဖြိုးမှုအလားအလာတွေနဲ့ အဲဒီအလားအလားတွေရဲ့ အာရှပစိဖိတ်နိုင်ငံများနဲ့ ပြည်သူတွေရဲ့ အပေါ်အကျိုးသက်ရောက်မှု အကြောင်းရေးသားသူများအား ဆုချီးမြှင့်မှာဖြစ်ပါတယ်။ ဆုရဲ့အမည်က ''ဖွံ့ဖြိုးဆဲအာရှစာနယ်ဇင်းပညာဆုများ'' (Development Asia Journalism Awards)ဖြစ်ကြောင်း ယခုလ ဒုတိယပတ်က ကြေညာလိုက်ပါတယ်။
၂၀၀၇-၂၀၀၈ ခုနှစ်အတွင်း ထုတ်ဝေတဲ့ သို့မဟုတ် ထုတ်ဝေခြင်းမပြုတဲ့ သတင်းရေးသူတွေရဲ့ဘာသာပြန်ဆောင်းပါးတွေအပေါ် အခြေခံပြီးဆုချီးမြှင့်မှာပါ။ သတင်းစာဆရာ တွေနဲ့ စာရေးဆရာတွေပါဝင်တဲ့ အကဲဖြတ်ဒိုင်လူကြီးတွေက အကောင်းဆုံးစာမူ ၂၅ ခုကိုရွေးချယ်မှာပါ။ အဲဒီစာမူ ၂၅ ခုထဲက စာမူတွေကို အုပ်စု ၄ မျိုးခွဲပြီး ဆုပေးမှာဖြစ် ပါတယ်။ စီမံအုပ်ချုပ်မှု (Governance) ၊ ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (Regional integration) ၊ အခြေခံအဆောက်အအုံ (Infrastracture) နဲ့ သဘာဝပတ်ဝန်းကျင် (Environment) ဆိုတဲ့ အုပ်စု ၄ မျိုးဖြစ်ပါတယ်။ ဒါ့အပြင် အထူးဆု ၂ ဆုကိုလည်း ချီးမြှင့်ဦးမှာပါ။ '' တစ်နှစ်အတွင်းဖွံ့ဖြိုးမှုသတင်းရေးသား သူဆု''(Development Journalist of the Year) နဲ့ ''တစ်နှစ်အတွင်းဖွံ့ဖြိုးမှုသတင်းရေးသားသူလူငယ်ဆု'' (Young Development Journalist of the Year) ဆိုတဲ့ အထူးဆု ၂ ဆုဖြစ်ပါတယ်။ လူငယ်ဆုကိုတော့ အသက် ၃၀ အောက်ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။
၂၀၀၈ DAJA အစီအစဉ်မှာ ၀င်ပြိုင်ချင်သူတွေဟာ Online ကနေ စာရင်းပေးသွင်းနိုင်ပါတယ်။ ၂၀၀၈ ခုနှစ် သြဂုတ်လ ၂၂ ရက် သောကြာနေ့ တိုကျိုစံတော်ချိန် ညနေ (၆း၀၀) နာရီနောက်ဆုံးထား စာရင်းပေးသွင်း မှတ်ပုံတင်ပြုလုပ်နိုင်ပါတယ်။ စာရင်းသွင်းမှတ်ပုံတင်ပြုလုပ်ရမယ့် Online လိပ်စာကတော့ www.adbi.org/daja.awards/register.php ဖြစ်ပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်တက္ကသိုလ် (ADBI) ကို ၁၉၉၇ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ ဆင်းရဲမှုလျော့ နည်းရေးအတွက် ကျွမ်းကျင်မှု၊ အသိပညာဗဟုသုတနဲ့ စွမ်းအား တည်ဆောက်မှုကို ကူညီဖို့၊ ကာလရှည်တိုးတက်မှုတွေကို အထောက်အကူပြုတဲ့ လုပ်ငန်းစဉ်တွေကို ကူညီဖို့နဲ့ အာရှပစိဖိတ်ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ပြိုင်ဆိုင်နိုင်မှု (competitiveness) ကို မြှင့်တင်ကူညီဖို့တို့အတွက် ရည်ရွယ်ပြီး ADBI ကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။

သိန်းမြင့်ဝေ
Source:adb.org(11-7-2008)