ဆီအုန်းသီးခွံမှ ပက်ကင်ခွက်မျိုးစုံသို့်။
စားအုန်းဆီဟာ ဟင်းသီးဟင်းရွက်ဆီအဖြစ် ကမ္ဘာ့ဈေးကွက်ရဲ့ ၀ယ်လိုအား တတိယနေရာမှာရှိနေပြီး ဖွံ့ဖြိုးဆဲနိုင်ငံသားတို့အတွက် အပူစွမ်းအင်ရရှိဘို့ အဓိကပေးစွမ်းနေတဲ့ စားသုံးဆီလည်းဖြစ်ပါတယ်။ ဒါကြောင့် စားအုန်းဆီဟာ စားသုံးဆီအဖြစ်ဝယ်လိုအားကောင်းလာခြင်း၊ ဘိုင်အိုဒီဇယ်ဆီအဖြစ် ၀ယ်လိုအား ကောင်းလာ ခြင်းတို့ကြောင့် ဆီအုန်း စိုက်ပျိုးခြင်းလုပ်ငန်းဟာလည်း စီးပွားရေးအရ အလွန်တွက်ချေကိုက်တယ်လို့ဆိုရပါမယ်။ အပင်သက်တမ်း ၁၄ နှစ်အတွင်းမှာ နှစ်စဉ်တစ်နှစ်လျှင် ၃ ကြိမ်အသီးများ ခူးဆွတ် ရရှိနိုင်ပြီး တစ်ဧက ဆီထွက်နှုန်းမှာလည်း ပဲပုပ်ဆီထွက်နှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၈ ဆခန့်ပိုထွက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စားအုန်းဆီ ထုတ်လုပ်ရာကရတဲ့ ဘေးထွက် ပစ္စည်းဖြစ်တဲ့ ဆီအုန်းသီးခွံအမျှင်များကို စွန့်ပစ်ဖို့နေရာ အခက်အခဲပြဿနာ တစ်ရပ်နဲ့ ရင်ဆိုင်နေရပါတယ်။ အရင်က ဆီအုန်းသီးခွံတွေကို မီးရှို့ရှင်းပစ်ရာက ထွက်ပေါ်လာတဲ့ ကာဗွန်းဒိုင် အောက်ဆိုဒ်ခေါ်ဖန်လုံအိမ်ဓါတ်ငွေ့များကြောင့် သဘာဝပတ်ဝန်းကျင်လေထုကို ထိခိုက်မှု၊ ညစ်ညမ်းမှုများဖြစ်စေ တယ်လို့ဆိုပါတယ်။
ကနေဒါနိုင်ငံ Earth Cycle ကုမ္ပဏီက ဆီအုန်းသီးအခွံမျှင်တွေကို အလေအလွင့်အမှိုက်ဘ၀မှ အသုံးဝင် အကျိုးပြုနိုင်တဲ့ ဈေးကွက်ဝင်ပစ္စည်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင် မယ့်နည်းလမ်းကို ၂၀၀၅ ခုနှစ်ကစပြီး ရှာဖွေခဲ့တာ အခုဆို Earth Cycle ကုမ္ပဏီက ဆီအုန်းသီးအခွံမျှင်များနဲ့ အစားအစာထုတ်ပိုးပစ္စည်း ပက်ကင်ခွက် ပုံစံအမျိုးမျိုး ထုတ်လုပ် နိုင်တဲ့နည်းပညာကို ရရှိပြီလို့သိရပါတယ်။ Earth Cycle ကုမ္ပဏီဥက္ကဌလည်းဖြစ်ပြီး စတင်တည်ထောင်သူ Ms. Shanon Boase က စမ်းသပ်တီထွင်ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါ တယ်။
ဆီအုန်းခွံနဲ့ပြုလုပ်တဲ့ ပက်ကင် (Packing) ခွက်ပုံစံအမျိုးမျိုးဟာ သဘာဝအပင်ထွက်ပစ္စည်းတွေနဲ့ ပြုလုပ်ထားခြင်းဖြစ်လို့ အစားအစာများနဲ့ တိုက်ရိုက်ထိတွေ့ပေမဲ့လည်း အဆိပ် အတောက်မဖြစ်ဘူးလို့ဆိုပါတယ်။ စွန့်ပစ်ပစ္စည်းက ပြုလုပ်တာဖြစ်လို့ သစ်တောပြုန်းတီးမှုလည်းမဖြစ်တော့ကြောင်း၊ အမေရိကန်နိုင်ငံ အစားအစာနှင့် ဆေးဝါးဌာန FDA နှင့် ကနေဒါနိုင်ငံ (CFIA) တို့မှ အစားအစာထုတ်ပိုးပစ္စည်းအတွက် လမ်းညွှန်သတ်မှတ်ပေးထားသော အချက်အလက်များနှင့်လည်း ကိုက်ညီတဲ့အတွက် ထောက်ခံချက် လက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း၊ ဒီထုတ်ပိုးပစ္စည်းတွေ စွန့်ပစ်လိုက်တဲ့အခါ ရက် ၉၀ အတွင်းဆွေးမြေ့ပြီး မြေသြဇာအဖြစ် အလွယ်တကူ ပြောင်းသွားနိုင်ကြောင်း သိရပါတယ်။
ဒီနေ့ ပတ်ဝန်းကျင်မှာ အလွယ်တကူ မဆွေးမြေ့နိုင်တဲ့ ပလပ်စတစ်ကြွပ်ကြပ်အိတ်တွေ၊ ဖေါ့ခွံဗူးတွေ၊ ပလပ်စတစ်အိတ်ခွံတွေ ပြန့်ကျဲစုပုံနေတဲ့ အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံမှာရှိတဲ့ လက်လီဈေးသည်တွေအပါအ၀င် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းလိုသူအား လုံးအတွက် အလွယ်တကူ ဆွေးမြေ့နိုင်တဲ့ ဆီအုန်းခွံပက်ကင်ခွက်များက အခက်အခဲတွေကို ဖြေရှင်းပေး နိုင်လိမ့်မည်လို့ ယုံကြည်ရပါတယ်။
လက်ရှိအခြေအနေမှာ ဆီအုန်းခွံ ပက်ကင်ခွက်တွေကို ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံထည့်ရန် ပုံစံခွက်များ အသားညှပ်ပေါင်မုန့်၊ ဟန်ဘာဂါ စတဲ့စားသောက်ဖွယ်ရာများ ထည့်ရန်အတွက် ပုံစံခွက်များ ပြုလုပ် သုံးစွဲလျက်ရှိပါတယ်။ ကြက်၊ ဘဲ၊ ဆိတ်၊ အမဲ၊ ၀က်စတဲ့ အသားစိမ်း၊ ငါးစိမ်း လတ်လတ်ဆတ်ဆတ်များထည့်ဘို့ ပက်ကင်ဘူးတွေ အပင်ပေါက်များ အပင်ငယ်များ ပျိုးပင်များထည့်ဘို့ ပန်းအိုးငယ်တွေကို ဆီအုန်းခွံအသုံးပြုပြီး ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
Source: Food Industry; June 2008
အေးမြင့်ဦး
|