ဇူလိုင်လမှာ ဆန်ဈေးပြန်ကျမယ်။
ကမ္ဘာ့ဆန်ထိပ်တန်းထွက်ရှိတဲ့နိုင်ငံများဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ဒုတိယသီးနှံကို ဇွန်-ဇူလိုင်လများတွင် ရိတ်သိမ်းပြီးဈေးကွက်တင်ပို့တဲ့အတွက် ဇူလိုင်လမှာ ဆန်ဈေးနှုန်းကျဆင်းမယ်လို့မျှော်လင့် ကြောင်း၊ ထိုင်းနိုင်ငံဆန်ထုတ်လုပ်သူများအသင်းဥက္ကဌ Chookiat Ophaswongse က ကုန်သည်များကို အသိပေး ပြောကြားခဲ့ပါတယ်။
ထိုင်းအစိုးရကလည်း ယခုနှစ် ဇွန်-ဇူလိုင်တွင် ရိတ်သိမ်းတဲ့စပါးသီးနှံတန်ချိန် ၇ ဒသမ ၆ သန်းထွက်ရှိမယ် လို့ မျှော်လင့်လျက်ရှိပါတယ်။ မနှစ်က ယင်းရာသီမှာ သီးနှံတန်ချိန် ၄ သန်းသာထွက်ရှိခဲ့ပါတယ်။ဗီယက်နမ်နိုင်ငံ ကလည်း ယခုနှစ်ထွက်ရှိမှုဟာ ခန့်မှန်းထားတာထက် ပိုမိုမယ်လို့ မျှော်လင့်နေပြီး ၂၀၀၇ ခုနှစ် သင်္ဘောတင်ပို့မှု အတိုင်း တန်ချိန် ၄ ဒသမ ၅ သန်းတင်ပို့ခွင့်ပြုမှာဖြစ်ပါတယ်။
ဇူလိုင်လမှာ ထွက်ရှိမဲ့စပါးများဟာ အစိုဓါတ်များတဲ့ စပါးဖြစ်ပြီး ၀ယ်ယူသူတွေကလည်း ခြောက်သွေ့တဲ့ စပါးကို တောင်းဆိုကြမှာဖြစ်လို့ ထိုင်းနိုင်ငံမှာ ဆန်ဈေးတစ်တန်လျှင် ဒေါ်လာ ၇၀၀ ထိ ကျဆင်းနိုင်တယ်လို့ ကုန်သည်တွေက မျှော်မှန်းနေကြပါတယ်။ ထိုင်းဆန်တင်ပို့သူများနဲ့ အစိုးရက အရှုံးနဲ့ရောင်းချမယ့်အစား ကြိတ်ခွဲ ဆန်ရိက္ခာတွေကို သိုလှောင်နိုင်ဖွယ်ရှိကြောင်း၊ အဲဒီဆန်တွေကို သိုရုံများမှာ ထည့်၍သိုလှောင်ထားပါက ၅ နှစ်ထိကြာရှည်ခံနိုင်ကြောင်း ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။
မလေးရှားနိုင်ငံက မေလမှာ ထိုင်းဆန်တန်ချိန် နှစ်သိန်း ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် ကွာလာလမ်ပူ မှာ အရန်ရိက္ခာဆန်ကို တန်ချိန် ၁၈၀၀၀၀ ထိ နှစ်ဆတိုးမြှင့် သိုလှောင်သွား မှာဖြစ်လို့ နောက်ထပ်တန်ချိန် သုံးသိန်း ထပ်မံဝယ်ယူဖို့ ညှိနှိုင်းထားပြီး ဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ကမ္ဘာ့ဆန်အများဆုံး ၀ယ်ယူတဲ့ နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ဒီနှစ်အတွက် ဗီယက်နမ်နိုင်ငံမှ တန်ချိန် ခြောက်သိန်း ၀ယ်ယူဖို့ သဘောတူစာချုပ် ချုပ်ဆိုပြီးလည်းဖြစ်ပါတယ်။
ယခုလောလောဆယ်မှာ နိုင်ငံခြားဆန်ဈေးကွက်များ အတော်လေးငြိမ်သက်နေပါတယ်။ ဘာကြောင့် လဲဆိုတော့ ဆန်ဝယ်ယူတင်သွင်းသူများက ဇူလိုင်လမှာ ဆန်ရောင်းလိုအား များလာမှာဖြစ်လို့ ဆန်ဈေးနှုန်းပို ကျဆင်းမှာကို မျှော်လင့်ပြီး ၎င်းတို့ကုန်အမှာစာများကို အရောင်းအ၀ယ်မလုပ်ပေးပဲကိုင်ထားကြလို့ Mr.Chookiat က ပြောကြားပါတယ်။ ဒါ့ပြင် ဗီယက်နမ်နိုင်ငံက ဆန်ဝယ်ယူတင်ပို့မှုနှေးကွေးလာတဲ့အတွက် သင်္ဘောတင် အနိမ့်ဆုံးဈေးနှုန်းကို ယခင်အပတ်က တစ်တန်လျှင် ၈၀၀ ဒေါ်လာမှ ၂ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချ၍ ၇၈၀ ဒေါ်လာထိ ဈေးချခဲ့ပြီးနောက်ပိုင်း ဆန်ဈေးနှုန်း ပိုမိုကျဆင်းနိုင်တယ်လို့ ၎င်းင်းကခန့်မှန်းထားပါတယ်။
အဆင့် (B)ရှိ ဆန်ဖြူဈေးနှုန်းများလည်း ယခင်အပတ်က တစ်တန်လျှင် ၈၇၂ ဒေါ်လာဈေးရှိရာမှ ယခု ၈၆၂ ဒေါ်လာထိ ကျဆင်းလာပါတယ်။ ဧပြီလ ၂၄ ရက်နေ့ဈေးနှုန်း တစ်တန်လျှင် ၁၀၈၀ ဒေါ်လာ ဟာ အမြင့်ဆုံးမှတ်တမ်း တင်ရတဲ့ဈေးနှုန်းဖြစ်ပြီး ယခုဆိုလျှင် အဲဒီဈေးကို ၂၀ ရာခိုင်နှုန်း ကျဆင်းနေတာကိုတွေ့ရ ပါတယ်။ ဆန်တစ်တန်ကို ၁၀၈၀ ဒေါ်လာထိ ဈေးအမြင့်ဆုံးတက်ခဲ့ရတာဟာ ၂၀၀၇ ခုနှစ် နောက်ပိုင်းမှာ ဆန်ရောင်းလိုအား ရှားပါးမှုကို စိုးရိမ်ပြီး အိန္ဒိယ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတွေဟာ ဆန်တင်ပို့မှု ပိတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။
Mr.Cookiatက ဆန်နဲ့စားသောက်ကုန် ရှားပါးမှုဟာ အထွက်အထိပ်ကို ရောက်ရှိခဲ့တဲ့အတွက် လွန်ခဲ့တဲ့ နှစ်လမှာ နိုင်ငံခြားက ဆန်ဝယ်ယူသူတွေဟာ ဆန်ပိုမိုဝယ်ယူခဲ့တဲ့ အတွက်ကြောင့်လည်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဇွန်လအစောပိုင်းက စပါးပေါင်နှံတဲ့အစီအစဉ်ကို စတင်ဆောင်ရွက်မှုကြောင့် ဈေးကွက်ဈေးနှုန်းကို ၁၈ ရာခိုင်နှုန်း မြင့်တက်စေ၍ ၃၃ ရာခိုင်နှုန်းထိ ဈေးနှုန်းမြင့်တက်စေခဲ့တယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့် စိုက်ပျိုး ရေးသမ၀ါယမဘဏ် (BAAC) ကပြောကြားခဲ့ပါတယ်။အဲဒီအစီအစဉ်ကြောင့် အစိုဓါတ် ၁၅ ရာခိုင်နှုန်းရှိတဲ့ ၁၀၀ ရာခိုင်နှုန်းဆန်ဖြူဈေးနှုန်းတစ်တန်ကို ဘတ် ၁၄၀၀၀ ထိမြင့်တက်ခဲ့ပါတယ်။
BAAC ဥက္ကဌ Teerapong Tungteerasunum က စပါးပေါင်နှံတဲ့အစီအစဉ်ကို ဇွန်လ ၁၅ ရက်နေ့မှာ စတင်ဆောင်ရွက်ခဲ့ပြီး လယ်သမား၄၃၀၉ ဦးက ဘတ် ၆၉၈ ဒသမ ၉ သန်းဖိုး စပါးတန်ချိန် ၅၃၃၃၀ တန်ကို အာမခံအဖြစ် အပေါင်ထားခဲ့ပါတယ်။ ယင်းအစီအစဉ်မှာ ၂၇ ပြည်နယ်ရှိ ဆန်စက်ပေါင်း ၂၈၆ လုံး စာရင်းဝင်ပြီး ဆန်စက် ၁၁၀ လုံးက BAAC ကိုယ်စားအပေါင်စာချုပ်များကို လက်ခံထားကြတယ်လို့ သိရပါတယ်။ တာဝန်ရှိသူများ ကလည်း ဇွန်လကုန်မှာ ဆန်စက် ၃၀၀ ကျော်တိုးချဲ့ပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။နိုင်ငံပိုင်ဘဏ် က ယခုရိတ်သိမ်းရာသီတွင် စပါးတန်ချိန်၂ သန်းထိ အပေါင်အာမခံအပ်နှံကြမယ်လို့ မျှောင်လင့်နေတယ်လို့ သိရပါတယ်။
Source: bangkokpost
KMMH
|