ထီးခီးကုန်သွယ်ရေးစခန်း

ထီးခီးကုန်သွယ်ရေးစခန်း

သမိုင်းအကျဉ်း

           ထီးခီးကုန်သွယ်ရေးစခန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၃-၂-၂၀၁၁) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ကုန်သွင်းကုန်လုပ်ငန်းများကြီးကြပ်မှုကော်မတီ၏ (၈/၂၀၁၁) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏(၂-၃-၂၀၁၁) ရက်စွဲပါစာအမှတ် (၄၀၉/၃-၂/ နယက)ဖြင့် အတည်ပြုချက်အရ ၂၀၁၁ ခုနှစ်၊မတ်လ(၂၇)ရက်နေ့ မှစ၍ OSS အဖွဲ့ဖြင့် ထိုင်း-မြန်မာနယ်စပ် ထီးခီးရွာ၌ ထီးခီးယာယီကုန်သွယ်​ရေးစခန်းကို စတင်ဖွင့် လှစ်ခဲ့ပါသည်။

         မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကုန်သွယ်ရေးဦးစီး ဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သော OSS အဖွဲ့ဖြင့်(၁၁-၅-၂၀၁၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် ထီးခီးရွာ၌ ထီးခီးကုန်သွယ်​ရေးစခန်းကို ပြန်လည် ဖွင့်လှစ်ခဲ့ပါသည်။

           ၃၁-၁၀-၂၀၁၆ ရက်နေ့တွင် လက်ရှိရုံးအသစ်တည်ရှိရာ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အမြှားကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၈-OSS) အမြှားကြေးတိုင်ပြင်ကွင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါ သည်။

တည်နေရာအကျယ်အဝန်း               

          ကုန်သွယ်ရေးဦးစီးဌာန၊ ထီးခီးကုန်သွယ်ရေးစခန်းသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်အတွင်းတည်ရှိပြီး  ထားဝယ်မြို့၏ အရှေ့တောင်ဘက် (၉၇) မိုင်၊ မေတ္တာမြို့နယ်ခွဲ၏ အရှေ့ဘက် (၆၃) မိုင်ကွာဝေးပြီး စခန်းမြေဧရိယာမှာ (၇၄.၃၈) ဧက ကျယ်ဝန်းပါသည်။

နယ်နိမိတ်ထိစပ်နေသည့်မြို့

            ထီးခီးကုန်သွယ်ရေးစခန်းသည်  တစ်ဖက်ထိုင်းနိုင်ငံ၊ ဖူနန်ပရွမ်ရွာနှင့် ထိစပ်လျက်ရှိပြီး ကုန်သွယ်မှုများ ကိုဆောင်ရွက်လျက်ရှိပါသည်။

ကုန်သွယ်မှုလမ်းကြောင်း

           ထီးခီးကုန်သွယ်ရေးစခန်းရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ဆက်သွယ်ရေးလမ်းကြောင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

              ( က )  နဘုလယ်၊ ချာခင်းဆိပ်ကမ်းမှ ထိုင်းနိုင်ငံ၊ ဖူနန်ရွမ် Check Point အထိ Road Link to Thailand အဆိုပြုလမ်းကြောင်းမှာ (၁၆၀)ကီလိုမီတာရှိပါသည်။ မေတ္တာမြို့၌ တနင်္သာရီမြစ်၏ မြစ်လက်တက် တစ်ခုဖြစ်သည့် ခမောင်းသွယ်ချောင်းအား ချောင်းကူး တံတားတည်ဆောက်၍ ယာဉ်များဖြတ်သန်းသွားလာလျှက် ရှိပါသည်။ မေတ္တာမြို့မှ ထီးခီးရွာအထိ မြေသားလမ်းဖြစ်ပြီး ကျောက်များအသင့်အတင့် ခင်းထားသည့်အတွက် မိုးရာသီတွင် ယာဉ်များသွားလာနိုင်ပါသည်။

              ( ခ )  အခြားအသုံးပြုနေသော လမ်းကြောင်းမှာ ချာခင်း၊ မောင်းမကန်၊ ထားဝယ်၊ မေတ္တာ၊ ထီးခီးလမ်းကြောင်းမှ ယာဉ်များသွားလာလျက်ရှိပါသည်။ ချာခင်း၊ မောင်းမကန်လမ်း မှာ မြေသားလမ်း ဖြစ်ပါသည်။ မောင်းမကန်၊ ထားဝယ်၊ မေတ္တာလမ်းကြောင်းမှာ ကတ္တရာလမ်းဖြစ်ပြီး ယာဉ်များ ရာသီမရွေးသွားလာနိုင်ပါသည်။

              ( ဂ )   ​မေတ္တာ-ထီးခီး နှစ်နိုင်ငံနယ်စပ်ဂိတ်ထိ လမ်းကြောင်းမှာ (၆၃)မိုင်ကွာဝေးပြီး တောင်ဆင်း/တောင်တက် မြေသားလမ်းဖြစ်သည့်အတွက် ယာဉ်ငယ်များသာသွားလာ မှုများပြီး ယာဉ်ကြီးများ သွားလာမှုနည်းပါး၍ မိုးတွင်းအခါတွင် လမ်းပျက်စီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်ကြောင်း တွေ့ရှိရ ပါသည်။

              ( ဃ )  ဖူနန်ရွမ်ရွာမှ ကန်ချနာပူရီသို့ (၈၀) ကီလိုမီတာ၊ (၄၉.၇၁)မိုင်ခန့်၊ ကန်ချနာပူရီမှ ဘန်ကောက်မြို့သို့ (၁၄၀)ကီလိုမီတာ၊ (၈၇)မိုင်ခန့်ကွာဝေးပြီး ကန်ချနာပူရီမြို့မှ ဖူနန်ရွမ်ရွာ Check Point အထိ လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်းဖောက်လုပ် ထားပါသည်။

                                                                  ကုန်သွယ်မှုလမ်းကြောင်းပြမြေပုံ    

ကုန်သွယ်မှုအခြေအနေ

           ထီးခီးကုန်သွယ်ရေးစခန်းမှ ပုံမှန်တင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ရေထွက်ပစ္စည်း၊ ငှက်ပျော၊ ပြောင်း၊ နနွင်းတက်၊ ဆန်မှုန့်တို့တင်ပို့လျက်ရှိပါသည်။ ပုံမှန်တင်သွင်းနေသည့် ပစ္စည်းများမှာ သစ်သီးမျိုးစုံ၊ ဒီဇယ်၊ လူသုံးကုန်ပစ္စည်းများ တင်သွင်း လျက်ရှိပါသည်။