MOC Home|Download Font|Contact

Trade News

နယ်စပ်ကုန်သွယ်မှုသတင်း (03-07- 08)

အရောင်းအသွေးဟန်ပန်မလှသော်လည်း ရောင်းအားသွက်တဲ့ မောင်တောသရက်။

ရခိုင်ပြည်နယ်အတွင်းမြို့နယ်ပေါင်း (၁၇)မြို့နယ်ရှိရာ ပထ၀ီမြေနေရာ အနေအထားအရ ရခိုင်ပြည်နယ် ဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ထိစပ်လျက်ရှိပြီး မြေအမျိုးအစားအနေနဲ့ အငန်ဓာတ်များတဲ့အတွက် စိုက်ပျိုးရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သော်လည်း မြန်မာပြည်မရှိ စိုက်ပျိုးမြေများမှ ထွက်ရှိမှုများထက် အမြဲလျော့ နည်းလျက်ရှိပါတယ်။ အရသာနဲ့အရည်အသွေးမှာလည်း မတူကွဲပြားတတ်ပါတယ်။ မြန်မာပြည် အလယ်ပိုင်းနဲ့ ရှမ်းပြည်နယ်တို့မှ ထွက်ရှိတဲ့ စိန်တစ်လုံး၊ မြကျောက် သရက်သီးများအား စီးပွားဖြစ်လုပ်ငန်းအဖြစ်ခြံ ဧကပေါင်းများစွာ စိုက်ပျိုးပြီး မြန်မာနိုင်ငံအရှေ့ဘက်ရှိ အိမ်နီးချင်း တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်စခန်းကနေ တင်ပို့လျက်ရှိပါတယ်။ စိန်တစ်လုံး၊ မြကျောက်သရက်သီးတစ်လုံးလျှင် ၁၀၅ မိုင် ရှိ သစ်သီးပွဲရုံမှာ ကျပ် ၁၅၀ မှ ၃၀၀ ထိ ဈေးရလျက်ရှိပါတယ်။စိန်တစ်လုံး၊ မြကျောက်သရက်သီး အရှေ့ဖက်မျက်နှာစာရှိ တရုတ်ဈေးကွက်မှာ ဈေးကောင်းကောင်းနဲ့ လက်မထောင် ရောင်းနေရချိန်မှာ ရခိုင်ပြည်နယ်မင်းပြား-တောင်ကုတ်-မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီး တောင်၊ မောင်တော ဒေသများက ထွက်တဲ့ရင်ကွဲသရက်သီး အမြောက်အများအား လူဦးရေသိပ်သည်းတဲ့ အနောက်ဘက်မျက်နှာစာရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မလောက် အောင် အရောင်းအ၀ယ်ဖြစ်နေပါတယ်။
ရခိုင်ပြည်နယ်ထွက် သရက်သီးများကို ရေကြောင်းမှ စက်လှေအမျိုးမျိုးနဲ့ ဘူးသီးတောင်ဆိပ်ကမ်းကို ရောက်ရှိလာပါတယ်။ ဘူးသီးတောင်မှ ၁၆ မိုင်အကွာရှိ မောင်တောသို့ ၃ တန် ဆံ့ထော်လာဂျီယာဉ်များ၊ ၆ တန်ဆံ့ယာဉ်များနဲ့တစ်ဆင့် သယ်ဆောင်ပြီး မောင်တောနယ်စပ်စခန်းမှာ နေ့ချင်းပြီး သရက်သီးလိုင်စင်များ ပြုလုပ်ပြီး တစ်ဖက်နိုင်ငံ တက္ကနာမ်မှ အလုအယက်လာရောက်ဝယ်ယူသော ဘင်္ဂလားကုန်သည်များကို ရောင်းချပေးလျက်ရှိပါတယ်။
ရခိုင်ဒေသထွက် ရင်ကွဲသရက်သီးများသည် အလုံးဟန်ပန်အနေအထားမလှခြင်း၊ ရေလမ်းခရီးဖြင့် သယ်ယူရသည့်အချိန် ကြန့်ကြာမှုကို ကာမိစေရန် ခူးဆွတ်ချိန်မတိုင်မီ သရက် သီးစိမ်းအဆင့်ကပင် ခူးဆွတ်ခဲ့ရတဲ့ အတွက် အုပ်မှည့် အနေအထားဖြစ်တာကြောင့် အချဉ်အရသာ အနည်းငယ်ပါခြင်း၊ မော်တော်ယာဉ်ဖြင့် အဆင့်ဆင့်သယ်ယူစဉ်ကလည်း ၀မ်းပုံစနစ်နဲ့ စုပုံသယ်ယူရတာဖြစ်လို့ ရောင်းပန်းမလှခဲ့ပါ။
ဈေးနှုန်းအားဖြင့် မောင်တောမြို့ပေါ်အရောက် ၁ လုံးလျှင် ကျပ် ၃၀ မှ ၅၀ ထိရှိပြီး တစ်ဖက်နိုင်ငံသို့ တစ်လုံးလျှင် ကျပ် ၈၀ နှုန်းခန့်အထိ ရရှိပါတယ်။ တစ်ဖက်နိုင်ငံမှာ သရက်သီးမထွက်ရှိသလောက်နည်းပါးပြီး လူဦးရေများပြားသည့်အတွက် စစ်တကောင်းဈေးကွက်မှာ ပြန်လည်ဖြန့်ဖြူးရောင်းချနိုင်ရေး တစ်ဖက်နိုင်ငံ ကုန်သည်များဟာ နေ့စဉ်နဲ့အမျှ မိမိတို့ဘက်ကို လာရောက်ဝယ်ယူလျက်ရှိကြပါတယ်။
မူဆယ်နယ်စပ်ဖက်မှ တရုတ်ဖက်သို့ ထွက်တဲ့အရှေ့လားသော စိန်တစ်လုံး၊ မြကျောက်ကဲ့သို့ မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်တဲ့ အနောက်လား သောရင်ကွဲသရက်ဟာ ဈေးကောင်းမရရှိသော်လည်း အနောက်ဖက်မျက်နှာစာရှိ ပြည်ပထွက်ပေါက်မှ တစ်ဖက်နိုင်ငံသို့ တင်ပို့သော ပို့ကုန်အမယ်များမှာ အရောင်းရ အသွက်ဆုံး ကုန်ပစ္စည်းတစ်မယ်အဖြစ် ပြည်ပ၀င်ငွေအားတစ်ဒေါင့်တစ်နေရာမှ ရှာဖွေပေးလျက်ရှိသော မောင်တောသရက်အကြောင်း ဂုဏ်ယူဝင့်ကြွားစွာ အသိပေးလိုက်ရပါတယ်။

လန်းဆန်းဦး